Saturday, February 14, 2009

ဘင်္ဂလာစစ်တပ်နှင့် တိုက်ပွဲဖြစ်၍ ရခိုင်အဖွဲ့ဘက်မှ တဦးသေ တဦးဖမ်းဆီးခံရ

2/12/2009

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေခ်ျ့ စစ်တပ်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တဖွဲ့ ယမန်နေ့က တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားရာ ရခိုင်လက်နက်ကိုင် အဖွဲ့မှ တဦးသေဆုံးပြီး နောက်တဦးကို ဒဏ်ရာနှင့်အတူ ဘင်္ဂလာ စစ်တပ်က ဖမ်းဆီးရမိကြောင်း ဘင်္ဂလာ စစ်တပ် ပြောခွင့်ရသူ တဦးမှ ပြောသည်။

ရွာတော်ခေါ် ဘင်ဒရိုဘင် အခြေစိုက် အမှတ် ၆၉ တပ်မဟာမှ ပြောခွင့်ရ စစ်အရာရှိတဦးက အဆိုပါ တိုက်ပွဲ သတင်းကို အတည်ပြုပြီး ဘင်္ဂလာ စစ်တပ်ဘက်မှ တဦးဒဏ်ရာ ရရှိကြောင်း ပြောကြားသည်။

အစောပိုင်း ထွက်ပေါ် လာသော သတင်းအရ ရခိုင်အဖွဲ့ဘက်မှ တိုက်ပွဲတွင် နှစ်ဦးကျဆုံးကြောင်း သတင်း ထွက်ပေါ်ခဲ့သော်လည်း သေဆုံးသူမှာ တဦးဖြစ်ပြီး နောက်တဦးကို လက်နက်တချို့နှင့်အတူ ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

ဘင်္ဂလာစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားသော အဖွဲ့မှာ ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီ (ဒီပီအေ) ဟု စစ်တပ်က ခန့်မှန်း ပြောဆိုပြီး ပြန်ပေးဆွဲခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို စစ်ဆင်ရေး လုပ်ပြီး ရှာဖွေနေစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာမှာ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင် ရုံမော်မြို့နယ်တွင်ဖြစ်ပြီး အဆိုပါ ဒေသမှာ မြန်မာနယ်စပ်နှင့် ထိစပ်နေသည်။

နိရဉ္စရာမှ အဆိုပါ တိုက်ပွဲ သတင်းနှင့် ပတ်သက်ပြီး ဒေသခံများကိုမေးမြန်းရာ သူတို့က ဒီပီအေနှင့် ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ပြောကြားပြီး တိုက်ပွဲတွင် ဒီပီအေဘက်မှ တပ်သားတဦး ကျဆုံးပြီး နောက်တဦးကိုမူ လက်နက်၎ လက်နှင့် အတူ ဘင်္ဂလာစစ်တပ်မှ ဖမ်းဆီးရမိကြောင်း ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဒီပီအေမှ တာဝန်ရှိသူ တဦးကို ဆက်သွယ် မေမြန်းရာ သူက “ မိမိတို့ အနေနှင့် အလှမ်းကွာဝေးသည့်အတွက် အဆိုပါ သတင်းကို ချက်ချင်း အတည်ပြုရန် ခက်ခဲကြောင်း” ပြောကြားသည်။

ယခုအခါ ဖမ်းဆီးရမိသည့် ဒီပီအေ တပ်ဖွဲ့ဝင်အား ဘင်္ဂလာ စစ်အာဏာပိုင်များ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေကြောင်း ဘင်ဒရိုဘင်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ပြောသည်။

“ တိုက်ပွဲက ယမန်နေ့ နံနက်က ဖြစ်တာပါ။ တောသား ငါးရာတန် အဖွဲ့ဘက်က တဦးသေပြီး တဦးဖမ်းရတယ်။ လက်နက် ၄ လက်ကို ဘင်္ဂလာစစ်တပ်က ရလိုက်တယ်လို့ သတင်းကြားတယ်။ အဖမ်းခံရတဲ့သူ နာမည်တော့ မသိပါဘူး။ သူ့ကိုတော့ စစ်ဆေး နေတယ်လို့ကြားရပါတယ်။” ဟုပြောသည်။

Read more...

Tuesday, February 3, 2009

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း နအဖ စစ်အစိုးရမှ ကြေငြာ

1/30/2009

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ယနေ့ထုတ် နအဖ သတင်းစာများတွင် ရေသားဖေါ်ပြသည်။

မြန်မာနိုင်ငံ ရှိသည့် လူမျိုးပေါင်း ၁၀၀ ကျော်တွင် ရိုဟင်ဂျာလူမျိုး နာမည် မပါရှိကြောင်း ဖေါ်ပြသည်။

ယခုကဲ့သို့ ရိုဟင်ဂျာ လူမျိုး မြန်မာနိုင်ငံတွင် မရှိကြောင်းကို လှေစီးပြီး မလေးရှားကို ထွက်ခွာသူများကို ထိုင်းနိုင်ငံတွင် ပြဿနာ ပေါ်ပေါက်ပြီး နောက်ပိုင်း မြန်မာ့ နအဖ စစ်အစိုးရက တရားဝင် ထုတ်ပြန်ကျေညာခြင်း ဖြစ်သည်။

မြန်မာ့ နအဖ စစ်အစိုးရမှ ဇန္န၀ါရီလ ၂၈ ရက်နေ့က ထုတ်ပြန်သော ကျေညာချက်တွင် ထိုင်းနိုင်ငံသို့ လှေစီးပြီး တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းသူများမှာ မြန်မာနိုင်ငံသားများဟု ဖေါ်ပြပါရှိခြင်း မရှိကြောင်း ဖေါ်ပြသည်။

သို့သော်လည်း မြန်မာ့ နအဖ စစ်အာဏာပိုင်များ အနေဖြင့် အဆိုပါ ပြဿနာကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ အနေဖြင့် လိုအပ်သလို အရေးဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဖေါ်ပြသည်။

ယခုအခါ ရိုဟင်ဂျာဆိုသော နာမည်နှင့် ပတ်သက်ပြီး သတင်းမီဒီယာများတွင် သာမက မြန်မာ အဖွဲ့အစည်းများကြားတွင်ပါ အငြင်းပွားစရာ ဖြစ်နေပြီး ယခုအခါ အဆိုပါ ပြဿနာကို မည်ကဲ့သို့ဖြေရှင်းမည်ကို မြန်မာပြည်သူများက အထူး သိရှိရန်လိုလားနေကြသည်ဟု သိရသည်။ နိရဉ္စရာ

Read more...

ရခိုင်မိသားစုအဖွဲ့ဝင်နှစ်ဦးကို မူဆလင်များက ဓါးနှင့်ခုတ်

2/2/2009

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရခိုင် အမျိုးသား လင်မယားနှစ်ဦးကို အမည်မသိသူ မူဆလင် ဘာသာဝင် ၅ ဦးက ဓါးဖြင့် ၀င်ရောက် ခုတ်သတ်သွားကြောင်း သတင်း ရရှိ သည်။

အရပ်လူကြီး တဦးမှ နိရဉ္စရာသို့ ဖုံးဖြင့် အကြောင်းကြား ရာတွင် “ ၀င်ခုတ်တာကတော့ တနင်္လာနေ့ ညနေ ၁၀ နာရီလောက်မှာ ဖြစ်ပါတယ်။ ကုလား ၅ ဦးက နွားခိုးဖို့ ၀င်လာတယ်။ နွားမရတော့ လယ်တဲမှာနေတဲ့ လင်မယားနှစ်ဦးကို ဓါးနဲ့ ခုတ်သတ်ပါတယ်။ အနီးအနားက လူတွေလိုက်လာတော့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

ဓါးဖြင့် အခုတ်ခံရသူ လင်မယားနှစ်ဦးမှာ မောင်တောမြို့နယ် သာယာကုန်း ကျေးရွာမှ ဦးအရဲချေ (၆၃ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်ဝါပန်း (၆၀) နှစ်တို့ ဖြစ်သည်။

သူတို့နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ယခုအခါ မောင်တောဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

ယခုတလော မောင်တောမြို့နယ် နေထိုင်သော ရခိုင်အမျိုးသားများအား မူဆလင်ဘာသာဝင်များ၏ တိုက်ခိုက် သတ်ဖြတ်မူ ပိုမိုများပြားလာပြီး လွန်ခဲ့သောနှစ် ဒီဇင်္ဘာလ ၂၆ ရက်နေ့က မောင်တောမြို့ ကမ်းသာယာကျေးရွာမှ ဦးမောင်ထွီး (၆၅ နှစ်)ကို နွားကျောင်းနေစဉ် သတ်ဖြတ်ပစ်ခဲ့ပြီး နိုဝင်္ဘာလ ၂၄ ရက်နေ့ကလည်း ဒေါ်အောင်သာမေ (၅၀ နှစ်)ကို ဓါးဖြင့် အသေ ခုတ်သတ်သွားခဲ့သည်။

နိရဉ္စရာ

Read more...

Monday, February 2, 2009

ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် ဘင်္ဂလားဒေ့ခ်ျ့ မှကွန်မဒိုအဖွဲတိုက်ပွဲဖြစ်

်မြန်မာ-ဘင်္ဂလာနယ်စပ် ဘင်ဒရိုဘင်ခရိုင်တွင် ဘင်္ဂလာဒေခ်ျ့မှ ကွန်မဒို တပ်ဖွဲ့ တဖွဲ့နှင့် မြန်မာနိုင်ငံမှ ၀င်ရောက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ အကြား ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲမှာ ဘင်ဒရိုဘင် ခရိုင် ရုံမော်မြို့နယ်တွင် ဖြစ်ပြီး အချိန် ၁ နာရီကျော် ကြာမြှင့်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးရမိသည်ဟု ဘင်္ဂလာ စစ်တပ်မှ ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ အမည်ခံ ဒီမိုကရက်တစ် (ရခိုင်ပြည်) အဖွဲ့မှ ခေါင်းဆောင်များ ဖြစ်နိုင်သည်ဟု စစ်တပ်ကို ကိုးကားပြီး ယနေ့ထုတ် ဒေလီးစတား အင်္ဂလိပ်သတင်းစာက ဖေါ်ပြသည်။

၎င်းအပြင် အဆိုပါ သတင်းစာမှ အဆိုပါ အဖွဲ့မှာ ယခုလ ၂၄ ရက်နေ့က တောင်ပေါ်သား ၈ ဦးကို ပြန်ပေးဆွဲပြီး ၄ ဦးကို မူ ငွေယူပြီး ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၄ ဦးကို ခုထက်ထိ ဖမ်းဆီးထားတုန်း ဖြစ်သည်ဟု ဖေါ်ပြသည်။

အဆိုပါ ပြန်ပေးဆွဲအဖွဲ့အား စစ်တပ်မှ စစ်ဆင်ရေး တရပ်ပြုလုပ်ပြီး နှိမ်နှင်းရန် ကြိုးစားနေစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ စစ်တပ် သတင်းရပ်ကွက်အရ ယခုပြုလုပ်နေသော စစ်ဆင်ရေးတွင် စစ်သား ၂၀၀ ပါဝင်ပြီး ထိုအထဲမှ ကွန်မဒို ၃၀ က ပြန်ပေးသမားများ ခိုအောင်းနေရာကို ချဉ်းကပ်စဉ် ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် နယ်စပ် အခြေအနေမှာ အထူး ရှုပ်ထွေးနေပြီး အဆိုပါဒေသတွင် နေထိုင်သူ ရခိုင်အမျိုးသားများမှာ စစ်တပ်မှ ဖမ်းဆီးမည်ကို စိုးရိမ်၍ အိုးအိမ်များကို စွန့်ပစ်ပြီး ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဘင်ဒရိုဘင်မှ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

နိရဉ္စရာ

Read more...

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP